သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် မေ့ဆေး (သို့မဟုတ်) အိပ်ဆေးအပြင်းစား Ketamine Hydrochloride (K) မူးယစ်ဆေးကြာင့် လူငယ်(၁၅) ဦး ထက်မနည်း သေဆုံးကြောင်း စုံစမ်းသိရသည်။
ထို K မူးယစ်ဆေးဝါးကြောင့် သေဆုံးသွားသူများသည် လောင်းကစားရုံများ၊ သီချင်းဆို (KTV) ဆိုင်များ၊ ကလပ်ဆိုင်များ ၊ ဂိမ်းဆိုင်များတွင် အလုပ်လုပ်သည့် လူငယ်များဖြစ်ကြောင်း လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ ပြီးခဲ့တဲ့ ရက် (၂၀) ကျော်တုန်းက ကျနော်မြေးလေး အဲ့မူးယစ်ဆေးဝါး (K) ကြောင့်သေခဲ့တယ်။ အဲ့မူးယစ်ဆေးက အဖြူရောင် အမုန့်လေးပဲ နှာခေါင်းနဲ့ ရှူတာ၊ အတော်များများတော့ KTV မှာ အလုပ်သွား လုပ်တဲ့သူ၊ သွားလည်တဲ့သူတွေပေါ့။ ကျနော့်မြေလေး သေသွားကတည်းက ဒေသခံထံကို စုံစမ်းကြည့်တယ်။ လားရှိုးမှာ အဲ့မူးယစ်ဆေးဝါးကြောင့် လူငယ် (၁၅) ယောက် သေတယ်” ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။
ထိုသေဆုံးသွားသည့်သူ အများစုသည် သျှမ်းလူငယ်များ၊ မိန်းကလေးများဖြစ်ကြောင်း သိရသည်။
ထို့အပြင် လားရှိုးမြို့ သီချင်းဆို (KTV) ဆိုင်များ၊ ကလပ်ဆိုင်များသည် ယခင်ထက် များလာပြီး၊ ထိုဆိုင်များကို ပြည်သူ့စစ်များက ဖွင့်လှစ်ထားပြီး လောင်းကစား ကာစီနို (casino) ဂိမ်းဆိုင်များကို ဆက်လက် ဖွင့်လှစ်ရန်လည်း ရှိသေးကြောင်း လားရှိုးမြို့ ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။
“အခု သီချင်းဆို (KTV) ဆိုင်များ၊ ကလပ်ဆိုင်များ အရမ်းပေါများလာတယ် ၊ ဖွင့်တဲ့သူတွေလည်း စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တွေက ဖွင့်ထားတာ၊ ပြီးတော့ ပြည်သူ့စစ်တွေက လောင်းကစား ကာစီနို (casino) ဂိမ်းတွေလည်း သူတို့ဆက်ဖွင့်မယ်လို့လည်း ကြားထားတယ်" ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိ လားရှိုးမြို့တွင် အများစုသုံးနေသည့် မေ့ဆေး၊ အိပ်ဆေးအပြင်းစား Ketamine Hydrochloride (k) မူးယစ်ဆေးဝါးသည် လူများ မသုံးသင့်သော မူးယစ်ဆေးဝါး တစ်မျိုးဖြစ်ပြီး တိရိစ္ဆာန် ခွဲစိတ်သည့် အခါတွင်သုံးသော မူးယစ်ဆေးဝါး တစ်မျိုးဖြစ်သည်။
K မူးယစ်ဆေးဝါးသည် ထိုင်းနိုင်ငံတွင် နာမည်ကြီးနေသည့် မူးယစ်ဆေးဖြစ်ပြီး၊ ထိုင်းနိုင်ငံ နာမည်ကြီးသည့်သူများ၊ ပိုက်ဆံရှိသည့်သူများသာ အသုံးပြုသည့် မူးယစ်ဆေးဖြစ်သည်။
ထိုမူးယစ်ဆေးသည် ထိုင်းနိုင်ငံတွင် ကာလပေါက်စျေး အနေဖြင့် တကီလိုလျှင် ဘတ် (၄)သိန်း မြန်မာကျပ်ငွေ ကျပ်သိန်း ၂၀၀ ထိ ရှိကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့တွင် သီချင်းဆို (KTV) ဆိုင်များ ၊ ကလပ်ဆိုင်များ အဆမတန် များပြားလာသဖြင့် ရှမ်း၊ တရုတ် လူငယ်များမှ ၎င်းနေရာများတွင် အပျော်ပါးအတွက် မူးယစ်ဆေးဝါးကို အသုံးပြုလာရာ Ketamine Hydrochloride (k) မူးယစ်ဆေးဝါးကြောင့် လူငယ်များ (၁၅) ဦး သေဆုံးနေသည်ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
လားရှိုးမြို့ နယ်မြေ (၁)၊ ၃၄ လမ်းတွင် မူးယစ်ဆေးဝါးများ ပေါများနေပြီး မူးယစ်ဆေးဝါး မျိုးစုံကိုလည်း ရောင်းနေသောကြောင့် ကျောင်းသားများ မလာရန်အတွက် သတိပေးစာများလည်း ကပ်ထားခဲ့ရသည်။

သျှမ်းသံတော်ဆင့်